ဗုဒ္ဓအဆုံးအမ
မကောင်းမူရှောင်ကောင်းမူဆောင်
ဖြူအောင်စိတ်ကိုထား
လယ်တီ ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျဉ်းချုပ်
ကျေးဇူးတော်ရှင်
လယ်တီဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ရက်၊
အင်္ဂါနေ့တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ၌ ဖွားမြင်တော်မူခဲ့သည်။
ခမည်းတော်မှာ ဦးထွန်းသာဖြစ်၍ မယ်တော်မှာ ဒေါ်ကြုံး ဖြစ်သည်။
ငယ်မည်မှာ
မောင်တက်ခေါင် ဖြစ်၍ အသက် ၁၅ နှစ်အရွယ်၌ ရှင်သာမဏေပြုရာ ဘွဲ့အမည်မှာ
ရှင်ဉာဏဓဇ ဖြစ်သည်။ ဆရာတော်လောင်းလျာသည် စာကြည့်ဝါသနာပါ၍ သာမဏေဘ၀ကပင်
ရတုကဗျာနှင့် ကျမ်းစာများ ရေးသားပြုစုခဲ့ပေသည်။
သက္ကရာဇ် ၁၂၂၈ ခု၊
ကဆုန်လဆန်း ၆ ရက်နေ့တွင် စိုင်ပြင်၇ွာ ကျောင်းမကျောင်း ခဏ္ဍသိမ်၌ ဆရာတော်
အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ထို့နောက်
မန္တလေး ရတနာပုံနေပြည်တော် စံကျောင်းတိုက်၌ သီတင်းသုံး၍ ၀ိနည်း ပါဠိတော်
အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃ကျမ်းကို သင်ယူတော်မူသည်။
၁၂၄၈
ခုနှစ်တွင် မုံရွာမြို့အနီး လယ်တီတောအုပ်ကြီး၌ ကျောင်းတိုက်တည်ထောင်၍
ရဟန်းသာမဏေများအား စာပေပို့ချခဲ့သည်။ ဆရာတော်ကြီးသည် ပါရမီဒီပနီ အပါအ၀င်
ဒီပနီကျမ်းပေါင်း များစွာကို ရေးသားပြုစုခဲ့၍ ပရမတ္တဒီပနီ လယ်တီဋီကာကို
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းတွင် စာပေမှတ်တိုင် တစ်တိုင်အဖြစ်
သုတေသီတိုင်းက အသိအမှတ်ပြုခံရ၏။
ဆရာတော်ကြီးသည် လယ်တီတိုက်
တည်ထောင်၍ စာပေပို့ချတော်မူပြီးနောက် ၁၂၅၇ ခုနှစ်လောက်မှစ၍ မြန်မာနိုင်ငံ
အရပ်ရပ်သို့ လှည့်လည်ကြွရောက်တော်မူပြီး ၀ိပဿနာတရား
ဟောကြားတော်မူခဲ့သည်။ နွားမေတ္တာစာရေး၍ နွားသားရှောင်ကြဉ်ရေး
ဟောပြောတော်မူခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်သို့သာမက ၁၂၇၅ ခုနှစ်တွင်
နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီးတည်ထောင်၍ နိုင်ငံရပ်ခြား
တိုင်းတစ်ပါးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ရောက်ရှိရေးအတွက်
ကြိုးပမ်းခဲ့ပြန်သည်။
ဤကဲ့သို့ သာသနာတော်အတွက်
အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်တော်မူခဲ့သဖြင့် ၁၂၇၇ ခုနှစ်
တန်ဆောင်မုန်းလဆန်း ၁ ရက် နေ့တွင် မြန်မာနိုင်ငံအစိုးရ၏ အဂ္ဂမဟာပဏ္ဍိတ
ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်းခံရ၏။
၁၂၈၃ ခုနှစ် နတ်တော်လတွင် မြန်မာပြည်ဘုရင်ခံက စာပေပါရဂူ (ဒီလစ်)
ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းသည်ကို ခံယူရရှိတော်မူသည်။
၁၂၈၅
ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၁၅ရက် (လပြည့်) ဗုဒ္ဓဟူးနေ့ ၂နာရီ ၃၀
မိနစ်အချိန်တွင် ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် စုတိကမ္မဇရုပ်
ချုပ်ငြိမ်းတော်မူသည်။
|
No comments:
Post a Comment
ဗုဒ္ဓအဆုံးအမကိုလိုက်နားကျင့်သုံးနိုင်ပါစေ.....