Pages

ဗုဒ္ဓအဆုံးအမ

မကောင်းမူရှောင်ကောင်းမူဆောင်
ဖြူအောင်စိတ်ကိုထား

Monday, 15 October 2012

သူငယ်ကောင်းဖြစ်ရေးလမ်းညွှန်

သူငယ်ကောင်းဖြစ်ရေးလမ်းညွှန်

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားအပ်သော သူငယ်ကောင်းဖြစ်ရေးလမ်းညွှန် ခေါ် သုကုမာရမဂ္ဂဒီပနီ နှင့် လယ်တီမင်္ဂလသုတ္တန်၊ သုံးလူ့ရှင်ပင်ဗုဒ္ဓ၀င်လင်္ကာ ၃ကျမ်းတွဲ စာအုပ်မှ  ဆရာတော်ကြီး၏ ရည်ရွယ်ချက်အတိုင်း လူငယ်များ လူကောင်းလူတော်ဖြစ်ရန်အတွက် စာချစ်သူ ဗုဒ္ဓဘာသာသွေးများအတွက် ကူးယူဖော်ပြပြီး ကိုယ်ပိုင်စာမျက်နှာတွင် မှတ်တမ်းတင်ထားအပ်ပါသည်။



ကျးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ ဒီလစ် ခေါ် စာပေပါရဂူ ဘွဲ့တံဆိပ်တော်ရ ပထမ လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းချုပ် ကို ဖတ်ရှုကြည်ညိုလိုပါက ဤနေရာ တွင် ကြည့်ရှုနိုင်ပါသည်။

သုကုမာရမဂ္ဂဒီပနီ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သိင်္ဂါလောဝါဒသုတ် နိဒါန်း

လူသုံးပါးတို့၏ ပတ္တမြားမကိုဋ် အမြိုက်ဥသျှောင် မင်းခေါင်မင်းဖျား မင်းတရားကြီးဖြစ်တော်မူသော အစိန္တေယျ သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် တစ်ရံရောအခါ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ ကိန်းအောင်း စမ္ပာယ်တော်မူသတည်း။
ထိုအခါ သိင်္ဂါလ အမည်ရှိသော သူကြွယ်သားသည် နံနက်စောစောထလျက် ရာဇဂြိုလ်မြို့တွင်းမှ ထွက်၍ စိုစွတ်သော အ၀တ်၊ စိုစွတ်သော ဦးဆံ၊ မြှောက်ချီသော လက်အုပ်ရှိသည်ဖြစ်၍ အရှေ့အရပ်၊ တောင်အရပ်၊ အနောက်အရပ်၊ မြောက်အရပ်၊ အောက်အရပ်၊ အထက်အရပ် တည်းဟူသော အရပ်ဒိသာ ၆မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုးလျက်နေလေ၏။
မြတ်စွာဘုရားသည် နံနက်အခါ၌ ရာဇဂြိုလ်ပြည်သို့ ဆွမ်းခံဝင်အံ့သောငှာ ဝေဠုဝန်ကျောင်းတော်မှထွက်၍ ရွှေစက်နှစ်လီကြွချီတော်မူလတ်သော် အရပ်ဒိသာ ၆ မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုး၍ နေလေသော သူကြွယ်သားကို ဤသို့ မိန့်တော်မူ၏။

မိန့်တော်မူပုံ ။    ။ " သိင်္ဂါလ ဟု နာမ ထင်ရှားသူကြွယ်သား - သင်သည် စိုစွတ်သော အ၀တ်၊ စိုစွတ်သော ဦးဆံ၊ မြှောက်ချီသော လက်အုပ်ရှိသည်ဖြစ်၍ အရပ်ဒိသာ ၆ မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုးသည်ကား အကြောင်း အသို့နည်း " ဟု မေးတော်မူလေ၏။

ထိုအခါ သိင်္ဂါလ အမည်ရှိသော သူကြွယ်သားက ဤသို့ နားတော်လျှောက်၏။

လျှောက်ထားပုံ ။    ။ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော သဗ္ဗညုမြတ်စွာဘုရား - အကျွန်ုပ်၏ အဖဖြစ်သူသည် ဘ၀တစ်ပါး ပြောင်းသွားသေလွန်မည်ရှိရာ အကျွနိုပ်ကို ခေါ်၍ " ငါ၏ သားကြီး ချစ်မငြီး - အရပ်ဒိသာ ၆ မျက်နှာ တို့ကို ရိုသေစွာ စိတ်စွဲ၍ အမြဲရှိခိုးရစ်လော့ " ဟု အဆုံးစွန်စကားကို မှာကြားခဲ့ပါသည်။ ထိုအကြောင်းကြောင့် အဖမှာကြားခဲ့သော အဆုံးစွန်စကားကို လေးစားကြည်ညို ပူဇော်လို၍ စိုစွတ်သောအ၀တ်၊ စိုစွတ်သောဦးဆံ၊ မြှောက်ချီသော လက်အုပ် ရှိသည်ဖြစ်၍ အကျွန်ုပ်သည် အရပ်ဒိသာ ၆မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုးရပါကြောင်းနှင့် " လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူ၏။

မိန့်တော်မူပုံ ။    ။ " သိင်္ဂါလ ဟု နာမ ထင်ရှားသူကြွယ်သား - အရပ်ဒိသာ ၆ မျက်နှာတို့ကို ရိုသေစွာ စိတ်စွဲ၍ အမြဲရှိခိုးရစ်လော့ ဟု အဆုံးစွန်စကား သင့်အဖ မှာကြားသော အရာသည် ရှေ့၊ နောက်၊ တောင်၊ မြောက်၊ အောက်၊ အထက် ဟူသော အရပ်ဒိသာ ၆မျက်နှာတို့ကို မှာကြားလိုသည်မဟုတ်။ ငါဘုရား၏ သာသနာမှာလည်း အရပ်ဒိသာ ၆မျက်နှာရှိသည်။
ထိုအရပ်ဒိသာ ၆မျက်နှာတို့ကို ရိုသေစွာ စိတ်စွဲ၍အမြဲရှိခိုးရမည် ဆိုသည်မှာလည်း လက်အုပ်ချီမိုး၍ ရှိခိုးသည်ကို မှာဆိုခဲ့သည်မဟုတ် " ဟု မိန့်တော်မူလေ၏။

ထိုအခါ သိင်္ဂါလ အမည်ရှိသော သူကြွယ်သားက ဤသို့ နားတော်လျှောက်၏။

လျှောက်ထားပုံ ။    ။ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော သဗ္ဗညုမြတ်စွာဘုရား - "အရပ်ဒိသာ ၆မျက်နှာဆိုသည်ကား အဘယ်ကို ဆိုလိုပါသနည်း? ။ ရိုသေစွာ စိတ်စွဲ၍ အမြဲရှိခိုးရမည် ဆိုသည်ကား အဘယ်သို့ပြုသည်ကို ဆိုလိုပါသနည်း ? ။ ဤအရာကို မလိမ္မာသူ အကျွန်ုပ်အား ကရုဏာရှေ့ထား၍ ဟောကြားဖော်ပြတော်မူပါ " ဟု လျှောက်ထားတောင်းပန်ပြန်လေ၏။
ထိုအခါ အိမ်၌နေသူ လူ၊ ဂဟဋ္ဌအပေါင်းတို့အား လူကောင်းစင်စစ်ဖြစ်ဖို့အမှန် ကြဉ်ရှောင်ရန်တရား တစ်ဆယ့်လေးပါးတို့နှင့်တကွ သူကြွယ်သားတောင်းပန်ချက်ကို ဆက်လက် ထုတ်ဖော်ဟောကြားတော်မူပေသတည်း။

[ အမိ၊ အဖ .......... စသည်ကို အရပ်ဒိသာ ၆မျက်နှာဆိုသည်။ အမိဝတ် အဖ၀တ် .......... စသည်ကို နေရာတကျ ပြုမူသည်၊ အရပ်ဒိသာ ၆မျက်နှာကို ရှိခိုးသည်မည်၏ ဟု အကျဉ်းမှတ်ပါရန်။ ]

သိင်္ဂါလောဝါဒသုတ် နိဒါန်းပြီး၏။


ဒ္ဒေသ သံပေါက် ၁၁


[ယခုအခါ ဒီဃနိကာယ် သိင်္ဂါလောဝါဒသုတ်၌ သိင်္ဂါလအမည်ရှိသော ထိုသူကြွယ်သားအား မြတ်စွာဘုရား ဟောကြားဆုံးမတော်မူအပ်သော ဂိဟိဝိနယတရားကို သံပေါက်လင်္ကာဖြင့် ကောင်းစွာဖော်ပြထားပါသည်။ ]

ရှောင်ကြဉ်ရမည့် ကမ္မကိလေသ တရား ၄ပါးအကျဉ်း
၁။ သက်သတ်၊ ခိုးဝှက်၊ အိမ်ရာဖျက်၊ နှုတ်ထွက် မမှန်ငြား။
၂။ လေးတန်ညစ်ကျူ၊ မကောင်းမှု။ မပြု ကြဉ်ရှောင်ရှား။

အဂတိတရား ၄ပါးအကျဉ်း
၃။ ချစ်၊ မုန်း၊ ကြောက်မှု၊ မသိမှု၊ လေးခု အလိုက်မှား။
၎။ အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။

ပျက်စီးကြောင်းတရား ၆ပါးအကျဉ်း
၅။ ယစ်မျိုးသောက်ကြူး၊ သဘင်ကြူး၊ လောင်းကြူး ညဥ့်လည်များ။
၆။ မိတ်ဆွေမကောင်း၊ ပျင်းအားကောင်း၊ အကြောင်း ဤခြောက်ပါး။
၇။ ဥစ္စာမွဲရေး၊ မြန်မနှေး၊ ဝေးစွာကြဉ်ရှောင်ရှား။

အရပ်မျက်နှာ ၆ပါးအကျဉ်း
၈။ မာတာပိတာ၊ ရှေ့ဒိသာ၊ ဆရာ တောင်ရပ်ငြား။
၉။ သား၊ မယားလျှင်၊ အနောက်ခွင်၊ မိတ်သင် မြောက်အလား။
၁၀။ ကျွန်ကျေးအောက်ဟူ၊ အထက်မူ၊ သူမြတ် ရဟန်းပုဏ္ဏား။
၁၁။ အရပ်ဒိသာ၊ ခြောက်မျက်နှာ၊ လုံစွာပိတ်ဆို့ထား။

ဥဒ္ဒေသ သံပေါက် ၁၁ ပြီး၏။


နိဒ္ဒေသ သံပေါက် ၂၈

ယစ်မျိုးသောက်စားမှု အပြစ် ၆ပါးအကျယ်
၁။ ဥစ္စာပျက်ငြား၊ ခိုက်ရန်ပွား၊ များတုံရောဂါစု။
သတင်းယုတ်မာ၊ အရှက်ကွာ၊ ပညာဆုတ်ယုတ်မှု။
ယစ်မျိုးကြူးငြား၊ သူတို့အား၊ ခြောက်ပါးအပြစ်ရှု။

ညဉ့်အခါလမ်းလျှောက်မှု အပြစ် ၆ပါးအကျယ်
၂။ မိမိသား, မယား၊ ဥစ္စာအား၊ သုံးပါးအစောင့်ဝေး။
မသင်္ကာဖွယ်၊ မှုရောက်လွယ်၊ သွယ်သွယ်ဒုက္ခရှေး။
ညဉ့်လမ်းလျှောက်သူ၊ မတော်လူ၊ ပြစ်မှုခြောက်ပါးထွေး။

ပွဲသဘင်ကြူးမှု အပြစ် ၆ပါးအကျယ်
၃။ ကခြင်း သီခြင်း တီးမှုတ်ခြင်း သာချင်း ဇာတ်ဝတ္ထု။
လက်ခုပ်အိုးစည်၊ သဘင်လည်၊ ခြောက်မည် အပြစ်စု။

လောင်းကစားကြူးမှု အပြစ် ၆ပါးအကျယ်
၎။ နိုင်သူမှာ ရန်၊ ရှုံးသူပန်၊ အမှန်ဥစ္စာပြုန်း။
ပွဲလယ်စကား၊ မတည်ငြား၊ ထိမ်းမြားပယ်ရိုးထုံး။
မျိုးဆွေနှိပ်စက်၊ အံကြူးနက်၊ ခြောက်ချက်အပြစ်နှုန်း။

ပျင်းရိခြင်း ၆ပါး အကျယ်
၅။ အေးသည် ပူသည်၊ မိုးချုပ်သည်နှင့်၊ စောသည်
ဆာသည် ပြည့်အင့်သည်၊ ခြောက်မည် လူပျင်းမျိုး။

မိတ်မကောင်းနှင့် ပေါင်းဖော်ခြင်း အပြစ် ၆ပါးအကျယ်
၆။ အံကြူး၊ ထိကြူး၊ ယစ်မျိုးကြူး၊ သုံးဦးလူပျက်မျိုး။
လိမ်လည်နှစ်ပါး၊ ခိုးသား ဓားပြ၊ ဤခြောက်ဝ၊ ပါပ မိတ်ဆွေမျိုး။

မိတ်ဆိုး မိတ်တု ၄ယောက် အကျယ်
၇။ ယူမိတ် နှုတ်မိတ်၊ ချစ်ယောင်မိတ်၊ ယုတ်မိတ်၊ မိတ်တုလေး။
ရန်သူမိတ်ဆွေ၊ ဤလေးထွေ၊ ရှောင်လေ ကင်းစင်ဝေး။

အညဒတ္ထုဟရမိတ် လက္ခဏာ ၄ပါးအကျယ်
၈။ ဆောင်ဖို့သာခဲ၊ အနဲပေးမှု၊ အများယူ၊ ကြောက်မှု လာ၍ကပ်။
သက်သက်ကိုယ်ကျိုး၊ ငဲ့သူမျိုး၊ မိတ်ဆိုး အညဒတ်။

ဝစီပရမမိတ် လက္ခဏာ ၄ပါးအကျယ်
၉။ အတိတ်၊ နာဂတ်၊ မိတ်စေ့စပ်၊ နိရတ်ချီးပင့်မ။
အကြောင်းရှိသော်၊ ဒုက္ခဖော်၊ လေးပေါ်ဝစီပရမ။

အနုပိယမိတ် လက္ခဏာ ၄ပါးအကျယ်
၁၀။ မကောင်းလိုက်လျော၊ ကောင်းလိုက်လျော၊ ကောင်းပြောရှေ့တွင်သာ၊
မျက်ကွယ်ဆိုးမှု၊ အင်လေးခု၊ အနုပိယသာ။

အပါယသဟာယမိတ် လက္ခဏာ ၄ပါးအကျယ်
၁၁။ ယစ်မျိုး သောက်ခန်း၊ လမ်းလျှောက်ခန်း၊ ပွဲလမ်း တစ်ဋ္ဌာန။
ကစားမှုဝယ်၊ မိတ်ဖော်နွယ်၊ အပါယ်သဟာယ။

မိတ်ကောင်း မိတ်စစ် ၄ယောက်အကျယ်
၁၂။ ပြုမိတ်၊ တူမိတ်၊ ဆရာမိတ်၊ ညှာမိတ် မိတ်စစ်လေး။
ချစ်ဖော်မိတ်ဆွေ၊ ဤလေးထွေ၊ မကွေပေါင်းဖို့ရေး။

သမာနသုခဒုက္ခမိတ် လက္ခဏာ ၄ပါးအကျယ်
၁၃။ လျှို့ဝှက်မရှိ၊ လျှို့ဝှက်ဘိ၊ ဘေးရှိမစွန့်လေ၊
မိတ်အတွက်မှန်၊ သက်မချန်၊ သမာန်မိတ်ကြီးပေ။

အတ္ထက္ခာယီမိတ် လက္ခဏာ ၄ပါးအကျယ်
၁၄။ မကောင်းမြစ်တား၊ ကောင်းရာထား၊ ဟောကြားသိဖို့ရာ။
နတ်လမ်းပြညွန်၊ ဤလေးတန်၊ အမှန်အတ္ထက္ခာ။

အနုကမ္ပကမိတ် လက္ခဏာ ၄ပါးအကျယ်
၁၅။ မပွါးလျှင်စိုး၊ ပွါးလျှင်ဖြိုး၊ ကျိုးမဲ့ပြောမခံ။
အကောင်းပြောလျှင်၊ မနောရွှင်၊ မိတ်သင်အနုကံ။

ဥပကာရမိတ် လက္ခဏာ ၄ပါးအကျယ်
၁၆။ အသက်ဥစ္စာ၊ စောင့်ေ၇ှာက်လာ၊ ကြောက်ခါကယ်ဖော်ရ။
ကူဖွယ်ရှိမူ၊ တပိုးကူ၊ စင်ဖြူ၊ ဥပကာရ။

သားသမီးတို့က ပြုရာသော ၀တ် ၅ပါးအကျယ်
၁၇။ မွေးတုံ့မွေးမူ။ ပြုဖွယ်ပြု၊ ကုလမျိုးနွယ်တည်။
ဆက်ခံအမွေ၊ သေလွန်ပေ၊ မျှေ၀၀တ်ငါးမည်။

မိဖတို့က ပြုရာသော ၀တ် ၅ပါးအကျယ်
၁၈။ မကောင်းမြစ်တား၊ ကောင်းရာထား၊ သင်ကြားတတ်ပညာ၊
လျော်ရာအိမ်ပေး၊ အမွေပေး၊ ကျင့်ရေး ၀တ်ငါးဖြာ။

တပည့်တို့က ပြုရာသော ၀တ် ၅ပါးအကျယ်
၁၉။ ထကြွ ခစား၊ ကြားနာ၊ လုပ်ကျွေး၊ သင်အံမေး၊ ကျင့်ရေးဝတ်ငါးဖြာ။

ဆရာသမားတို့က ပြုရာသော ၀တ် ၅ပါးအကျယ်
၂၀။ ယဉ်ကျေးစေမှု၊ မှတ်စေမှုနှင့်၊ တတ်မှုမချန်၊ ပြန်၍ဆောင်နှင်း၊
ဘေးကင်းစေမှု၊ ၀တ်ငါးခု၊ ပြုလေ မြတ်ဆရာ။

လင်ယောကျာ်းတို့က ပြုရာသော ၀တ် ၅ပါးအကျယ်
၂၁။ မပေါ့စားမှု၊ နာဖွယ်မှုနှင့်၊ သူ့ကိုမကျူး၊ စိုးမှုးလွဲထား၊
ဝတ်စားဆင်ယင်၊ ဤငါးအင်၊ လင်တို့ပြူစမြဲ။

အိမ်သူမယားတို့က ပြုရာသော ၀တ် ၅ပါးအကျယ်
၂၂။ အိမ်ရေးတွင်ကျယ်၊ အိမ်ဝယ်လူပေါင်း၊ ကောင်းသားပြုအင်၊
စင်ကြယ်သီလ၊ ဓနစောင့်ထိန်း၊ မပြိန်းမပျင်း၊ အရင်းတရား၊
ဝတ်ငါးပါး၊ မယားပြုစမြဲ။

အဆွေခင်ပွန်းတို့၌ အမျိုးသားတို့က ပြုရာသော ၀တ် ၅ပါးအကျယ်
၂၃။ ပေးဝေမျှတ၊ ပီယနှုတ်ချို၊ ကျိုးလိုကျင့်မှု။ ကိုယ်တူပြုခြင်း။
မချွတ်ယွင်းစေ၊ ဤငါးထွေ၊ မိတ်ဆွေကျင့်ဝတ်မျိုး။

အဆွေခင်ပွန်းတို့က ပြုရာသော ၀တ် ၅ပါးအကျယ်
၂၄။ အသက် ဥစ္စာ၊ နှစ်ဖြာစောင့်ရှောက်၊ ကြောက်လျှင်ကြပ်မ၊
တူကွဘေးတွင်၊ သားစဉ် မြေးဆက်၊ မြတ်နိုးချက်၊ မိတ်ဖက် ၀တ်ငါးမျိုး။

အရှင်ဖြစ်သူက ပြုရာသော ၀တ် ၅ပါးအကျယ်
၂၅။ အားတန်ခိုင်းစေ၊ ကျေအောင်ပေးကျွေး၊ နာရေးပြုငြား၊
အစားကောင်းမျှ၊ လွှတ်သင့်ကလွှတ်၊ ကျင့်ဝတ်တရား၊ ဤငါးပါး၊ မှတ်သားအရှင့်ဝတ်။

ကျွန်ဖြစ်သူက  ပြုရာသော ၀တ် ၅ပါးအကျယ်
၂၅။ အလျင်ထမြောက်၊ နောက်မှအိပ်ရေး၊ ပေးမှလည်းယူ၊ ပြုမှုကောင်းတုံ၊
ဂုဏ်ကိုပြောကြား၊ ဤငါးပါး၊ မှတ်သား ကျွန်တို့ဝတ်။

ဒါယကာတို့က  ပြုရာသော ၀တ် ၅ပါးအကျယ်
၂၇။ မေတ္တာသုံးပါး၊ တံခါးဟင်းလင်း၊ ကျွေးမွေးခြင်း၊ ငါးသင်းလူတို့ဝတ်။

ရသေ့ရဟန်းတို့က  ပြုရာသော ၀တ် ၆ပါးအကျယ်
၂၈။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်ကြား၊ သနားစိတ်နူး၊
မကြားဖူးက၊ ပြသသွန်သင်၊ ကြားဖူးလျှင်မူ၊ ချဲ့ထွင်ခွဲခြမ်း၊
နတ်လမ်းရှင်းလင်း၊ ဖော်ပြခြင်း၊ ခြောက်သင်းရှင်တို့ဝတ်။

နိဒ္ဒေသ သံပေါက် ၂၈ ပြီး၏။

ခုနှစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုး


ဖွားတော်မူသောနေ့ စသော ခုနှစ်နေ့တို့အား ရည်စူး၍ ချီးကျူးဖွဲ့ဆိုအပ်သော ခုနှစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုး နှင့် ဆုတောင်းများ

ကြာသပတေးနေ့ ပဋိသန္ဓေယူ
သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင် သောင်းခွင်စင်္ကြာဝဠာ၊
နတ်ဗြဟ္မာတို့ ညီညာရုံးစု တောင်းပန်မှု့ကြောင့် ရတုနဂို၊ ရွှန်းရွှန်းစိုသည် ၀ါဆိုလပြည့် ကြွက်မင်းနေ့ဝယ် ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည် နတ်လူငြိမ်းဖို့ ကိန်းပါကို။

သောကြာနေ့ ဖွားမြင်
သန္ဓေယူကာ ဆယ်လကြာသော် မဟာသက္ကရာဇ် ခြောက်ဆဲ့ရှစ်ကြုံ ကဆုန်လပြည့် သောကြာနေ့ဝယ် ချမ်းမြေ့စုံစီ လုဗ္ဗိနီ၌ မဟီလှိုက်ဆူ ဘွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို။

တနင်္လာနေ့ တောထွက်
ဘွားမြင်မြောက်သော် ဆဲ့ခြောက်နှစ်ရွယ် ပျိုနုနယ်၌ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြီးလစ် ဆဲ့သုံးနှစ်လျှင် ဘုန်းသစ်လျှံလူ စံတော်မှု ၍ ရွယ်မူနုဖြိုး နှစ်ဆဲ့ကိုးဝယ် လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့် ရွှေစိတ်ငြင်ငြို သံဝေပိုက ၀ါဆိုလပြည့် ကျားမင်းနေ့ဝယ် ချမ်းမြေ့ရဂုံ တောရပ်လှုံသည် စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်
တောရပ်မြိုင်ပေါ် ခြောက်နှစ်ပျော်၍ ခါတော်တဖုံ ပွင့်ချိန်ကြုံက ကဆုန်လပြည့် ဆင်မင်းနေ့ဝယ် မြေ့ပရမေ ပလ္လင်တွေထက် ရွှေညောင်တော်ကြီး ဗိမ္မာန်ထီးနှင့် မငြီးကြည်ဖြူ နေတော်မှုလျက် ရန်မြူခပင်း အမိုက်သင်းကို အရှင်းပယ်ဖျောက် အလင်းပေါက်က ထွန်းတောက်ဘုန်းတော် သောင်းလုံးကျော်သည် သုံးဘော်လူတို့ ငြမ်းပါကို။

စနေနေ့ ဓမ္မစင်္ကြာဟော
ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဘွား ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတသောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား ၀ါဆိုလပြည့် စနေနေ့ဝယ် ကြွေ့ကြွေ့လျှံတက် ဓမ္မစက်ကို မိန့်မြက်ထွေပြား ဟောဘော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို။

အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ
တရားနတ်စည် ဆော်ရွမ်းလည်က သုံးမည်ဘုံတိုက် တသောင်းတိုက်ဝယ် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တ၀ါကို ခေမာသောင်သို့ ဘောင်ကူးတို့ဖြင့် ဆောင်ပို့ပြီးခါ ၀ါလေးဆဲ့ငါး သက်ကားရှစ်ဆယ် စုံပြည့်ကြွယ်က ရာလေးဆယ့်ရှစ် သက္ကရာဇ်ဝယ် နယ်မလ္လာတိုင်း စံနှိုင်းမယုတ် ကုဿိန္နာရုံ အင်ကြင်းစုံ၌ ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ချမ်းမြေ့နိဗ္ဗူ စံတော်မူသည် ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

တနင်္ဂနွေနေ့ တေဇောဓာတ်လောင်
နိဗ္ဗူ စံပြီ၊ ရှုမအီသား သိင်္ဂီရွှေလှော် အလောင်းတော်ကို ထိုရော်ကဆုန် လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ခိုးငွေ့မနှော ဓာတ်တေဇောလျှင် ရှင်စောဥာဏ်စက် ဓိဋ္ဌာန်ချက်ဖြင့် လျှံတက်ကော်ရော် မီးပူဇော်သည် မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။

ဆုတောင်း

ထိုခုနှစ်နေ့သာခြမ်းမြေ့ကို ဆွေ့ဆွေ့ကြည်ဖြူ အာရုံယူလျက် သုံးလူတို့နတ် မြတ်ထက်မြတ်သား ကိုယ်တောဖျားကို သုံးပါးမွန်စွာ ၀န္ဒနာဖြင့် သဒ္ဓါဖြိုးဖြိုး ကျွန်ရှိခိုးသည် ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။

အဆုံးဘ၀၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေငြာကျော်ကြား၊ လူအများကို၊ တရားစည်ကြီး၊ ခြိမ်ခြိမ့်တီး၍၊ မီးဆဲ့တစ်တန်၊ ငြိမ်းရာမှန်သည်။ နိဗ္ဗာန်အောင်မြို့ရောက်စေသောဝ်။

သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤပုညကြောင့်၊ ဒိဋ္ဌမျက်မြင်၊ ဘ၀တွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာအညီ၊ ပါရမီနှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်၊ သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။

ဘ၀တစ်ဘန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်းနတ်ကောင်း၊ ဘ၀ကောင်း၌၊ ညွတ်ညောင်းသန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ်မျိုးလယ်၊ တန်ခိုးကြွယ်သည်၊ လ နှယ် ထွန်းတင့်ပါစေသောဝ်။

အသိအလိမ္မာ၊ ညာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဘော်၊ သတင်းကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတ၇ား၊ အမှားမလိုက်၊ စရိုက်စင်ဖြူ၊ အလှူရေစက်၊ လက်နှင့်မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွှန်းစိုသည်၊ ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။

ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်မာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့်ချုံးလျက်၊ ရွှေဘုန်းစိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ်ခိုသည်၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်စေသောဝ်။

အမျှဝေ

သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊ ကိုးပါးခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံချီးကျူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှိခိုးရသည့်၊ ပုညကုသိုလ်၊ အဘို့ကိုလျှင်၊ မွေးမိခင်နှင့် ဖခင် ဆရာ၊ ညာတကာက၊ သတ္တ၀ါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ မျှပေးဝေသည်။ ကောင်းထွေ သာဓုခေါ်စေသောဝ်။

ခုနှစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုး နှင့် ဆုတောင်းများပြီး၏။

မှတ်ချက်။
ရှေးအရေးအသားများဖြစ်၍ ယခုခေတ်စာလုံးပေါင်းနှင့် အတန်ငယ် လွဲကောင်းလွဲပါလိမ့်မည်။ ရှေးစာလုံးပေါင်းလေးများသည်ပင် တမျိုးတဖုံ ချစ်စရာကောင်းနေ မှတ်သားဖွယ်ကောင်းနေ၍ မပြင်ဆင်ထားပါ။ မှတ်သားဖွယ်များကို ကူးယူဖော်ပြ မှတ်တမ်းတင်ထားခြင်းမျှသာဖြစ်ပါသည်။ အကျယ်ဖတ်လိုသောဝ်-
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားအပ်သော သူငယ်ကောင်းဖြစ်ရေးလမ်းညွှန် ခေါ် သုကုမာရမဂ္ဂဒီပနီ နှင့် လယ်တီမင်္ဂလသုတ္တန်၊ သုံးလူ့ရှင်ပင်ဗုဒ္ဓ၀င်လင်္ကာ ၃ကျမ်းတွဲ စာအုပ် တွင် ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment

ဗုဒ္ဓအဆုံးအမကိုလိုက်နားကျင့်သုံးနိုင်ပါစေ.....